◼ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်းခြောက် အနိုင်ကျင့်ရာရောက်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ဖို့ကြိုးစားနေတာ ဖြစ်ဟု KNDF ပြောကြား
ကရင်နီ(ကယား) ပြည်နယ် လွိုင်ကော် မြို့နယ်အတွင်းကို အကြမ်းဖက်စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဇန်နဝါရီ (၂၇) ရက်မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ဇန်နဝါရီ (၂၂) ရက် ကနေ (၂၄) ရက်ထိ သုံးရက်ဆက်တိုက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗုံးသီးတွေနဲ့ အပြင် အတွဲလိုက်ပစ်ခတ်မှုတွေကိုပါ ပြုလုပ်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
အဲဒီလို လေကြောင်းကနေ မဆင်မခြင်တိုက်ခိုက်မှုတွေဟာ ပြည်သူတွေနေထိုင်တဲ့နေရာ အနီးဝင်းကျင်တွေကို ကျရောက်ခဲ့တာ ဖြစ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ခြိမ်းခြောက် အနိုင်ကျင့်ရာရောက်နေပြီး လူထုကို ပစ်မှတ်ထားပြီး ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ KNDF က ပြောပါတယ်။
အဲဒီအတွက်ကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းတွေ တူးထားကြဖို့နဲ့လေယာဉ်လာရင် ဦးတည်ရာမဲ့ လျှောက်မပြေးကြဖို့ ၊ ထွက်မကြည့်ကြဖို့ နဲ့ ရုပ်သံ တွေ ဓာတ်ပုံတွေ ထွက်ရိုက်တာတွေ မလုပ်ကြဖို့ကို KNDF က အထူးသတိပေးထုတ်ပြန်ထားတယ်လို့သိရပါတယ်။