စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီ ရဲ့ ဝါဒဖြန့်ချိရေးအတွက် အဓိကကျတဲ့နေရာကနေ ပံ့ပိုးကူညီဆောင်ရွက်နေသူ တဦး ရှိပါတယ်။
လက်ရှိမှာ ရုပ်သံလိုင်းမျိုးစုံက ထုတ်လွှင့်နေတဲ့ ဖျော်ဖြေရေးအစီအစဉ်များ အပါအဝင် နေပြည်တော်မှာ ပြုလုပ်သမျှ သဘင်၊ ဂီတ၊ ရုပ်ရှင် ဖျော်ဖြေရေးပွဲတွေကို နောက်ကွယ်ကနေ အဓိက ပံ့ပိုးကူညီပေးနေသူပါ။
“အနေအေးတယ်၊၊ စီးပွားရေးသမား ပီပီ စကားပြောကောင်းတယ်၊ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတယ်၊ လူရှေ့ သိပ်မထွက်ဘူး၊ နာမည်ထွက်အောင် မနေဘူး”
ဒါကတော့ သူနဲ့ အလုပ်အချို့ လက်တွဲလုပ်ခဲ့ပြီး ရင်းနှီးဖူးသူတဦးရဲ့ မှတ်ချက်ဖြစ်ပါတယ်။
မြန်မာရုပ်ရှင်လောကကို ကောင်းစွာ ခြယ်လှယ်နိုင်တဲ့အင်အား ရှိသလို ဒေါ်လာ သန်းချီပြီး ရင်းနှီးမြှုပ်နှံမှုရှိတဲ့ ရုပ်သံမီဒီယာ Channel (၅)ခန့်ကို ပိုင်ဆိုင်ထားတာပါ။
မြေဧက (၁၀၀၀) ခန့် အကျယ်အဝန်းရှိတဲ့ ရုပ်ရှင်မြို့တော် စီမံကိန်းကြီးကိုလည်း ပင်းတယဘက်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်လျက်ရှိပါတယ်။
သူကတော့ MRTV-4 ပိုင်ရှင် Forever Group ဦးဝင်းမော် ဖြစ်ပါတယ်။
အကြမ်းဖက် စကစ ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်သံချန်နယ်တွေနဲ့ မီဒီယာတွေကို ချေးငွေ ထုတ်ပေးခဲ့ပါတယ်။
စကစထံ ချေးငွေလျှောက်ကြတဲ့ရုပ်သံချန်နယ်တွေနဲ့ မီဒီယာလုပ်ငန်းရှင်တွေများစွာအထဲမှာ ဦးဝင်းမော်က အများဆုံး ရရှိခဲ့ပါတယ်။
ရင်းမြစ်တခုရဲ့ အဆိုအရ ကျပ်သိန်းပေါင်းတသောင်းခန့် စကစ ထံမှ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ဖြစ်နိုင်တာပေါ့ဗျာ၊ သူ့နောက်မှာ ဒုချုပ်ရှိတယ်၊ ဝန်ကြီးရှိတယ်၊ NLD အစိုးရခေတ်မှာ ဒါမျိုးတွေ လုပ်မရလို့ တလျှောက်လုံး သူတို့အုပ်စုတွေ မကျေမနပ်ဖြစ်ခဲ့ကြတာ”
ဦးဝင်းမော် ကို နှစ်ပေါင်းများစွာ ရင်းနှီးသိလာခဲ့သူက Forever Group နဲ့ ဘယ်လိုလူတွေ အကျိုးတူဆောင်ရွက်နေကြောင်း အတည်ပြုပြောပြပါတယ်။
အကြမ်းဖက်စကစရဲ့ ဒုတိယအကြီးဆုံး ဒုချုပ်စိုးဝင်း နဲ့ DSA 22 တပတ်စဉ်ထဲဆင်းတဲ့ဖြစ်သူ ဦးသိန်းထွန်းအောင် ဟာ… ဦးဝင်းမော်က အကျအန မွေးမြူထားခဲ့သူတဦး ဖြစ်နေတာပါပဲ။
ဦးသိန်းထွန်းအောင် ဟာ ရုပ်သံနဲ့ သတင်းမီဒီယာလောကကို ဦးဝင်းမော် စိတ်တိုင်းကျ အပြည့်အဝ ချုပ်ကိုင်နိုင်ရေးအတွက် သော့ချက်တခုကိုလည်း ဖွင့်ပေးနိုင်ခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ စကစ ရဲ့ ပြန်ကြားရေးဝန်ကြီးကို ပြောင်းလဲလိုက်တာပါပဲ။
ချစ်နိုင်(စိတ်ပညာ) အစား ဦးသိန်းထွန်းအောင်ဟာ သူနဲ့ တပတ်စဉ်ထဲ ဆင်းဖြစ်တဲ့ ဒုချုပ်အကူအညီနဲ့ ဗိုလ်ချုပ်ဟောင်း မောင်မောင်အုန်းကို ပြန်ဝန်ရာထူးကို ရရှိအောင် ကြိုးစားပေးခဲ့ပါတယ်။
အဲဒီတော့ ဦးဝင်းမော်ဟာ သူပိုင်ဆိုင်တဲ့ ရုပ်သံချန်နယ်လိုင်းတွေရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက် သက်ရောက်မှုရှိတဲ့ စကစရဲ့ ပြန်ကြားရေးဝန်ကြီးဌာနကိုပါ အိတ်ကပ်ထဲ ထည့်ထားလိုက်နိုင်ပါတယ်။
ပြီးတော့ စစ်ကောင်စီ အလိုကျ ဝါဒဖြန့်ချိရေးကိစ္စတွေမှာ နောက်ကွယ်ကနေ အပြည့်အဝကူညီပါတော့တယ်။
ဦးသိန်းထွန်းအောင် ဘယ်လိုလူလဲ
ရုပ်ရှင်ထုတ်လုပ်ရေးသမားတိုင်း ဦးသိန်းထွန်းအောင်နဲ့ မပတ်သတ်ဖူးသူ မရှိ။ ဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေကြားမှာ နာမည်ဆိုးနဲ့ အသိများလှသူပဲ ဖြစ်ပါတယ်။
နအဖ ခေတ်က မြန်မာ့ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေး ညွှန်မှူးဖြစ်သော ဦးသိန်းထွန်းအောင် ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ရုပ်ရှင်လောကသားတိုင်းက ခေါင်းငုံ့ပေးလိုက်ရစမြဲ။ ရိုက်ကူးအပြီး ဆင်ဆာကို အရင်တင်ရသည့်ခေတ်မို့ ဆင်ဆာကျဖို့အရေး ဦးသိန်းထွန်းအောင် ကို လက်ဆောင်တွေနဲ့ ချဉ်းကပ်ကြရလေ့ရှိပါတယ်။
“ဒီလူက မြန်မာ့ရုပ်ရှင်ကို စနစ်တကျ ကောင်းကောင်း ဖျက်ဆီးခဲ့တဲ့သူဗျ၊ ကိုယ့်ကားကို ဆင်ဆာ မချသေးဘူး၊ ဒီဇာတ်ကားက ဘာညာထောက်လာပြီဆိုတာနဲ့ သူ့ဆီကို ဒါရိုက်တာနဲ့အတူ ပြေးရတော့ပဲ၊ လမ်းညွှန်မှုလေး ပေးပါ ဆိုပြီး ခခယယနဲ့ ကျနော်တို့ ထုတ်လုပ်သူတွေက များသောအားဖြင့် ဂေါက်အိတ်တွေ ဘာတွေကအစ ကန်တော့ရတယ်”
အမည်မဖော်လိုသူ ရုပ်ရှင် ၊ ဗွီဒီယို ထုတ်လိုပ်သူတဦး
အမည်မဖော်လိုတဲ့ ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ်သူ တဦးက နွေဦးအသံ ( The Voice Of Spring ) ကို ဦးသိန်းထွန်းအောင် ညွှန်မှူးခေတ်က ဆိုးရွားခဲ့ပုံကို ထုတ်ဖော် အတည်ပြုပေးပါတယ်။
ဦးသိန်းစိန် အစိုးရခေတ်သို့ရောက်အပြီး DSA 22 တပတ်စဉ်ထဲဖြစ်သူ ဦးရဲထွဋ် က ဝန်ကြီးဖြစ်လာချိန်တွင် ညွှန်မှူးအဖြစ်က နုတ်ထွက်လိုက်ပါတယ်။
“အဲဒီအချိန်က ဝန်ကြီးက ဘက်ဂရောင်းပေးလို့ သိန်းထွန်းအောင်က သွားတာရှင့်၊၊ တဲ့တဲ့ပြောရရင် ဝန်ကြီးက စီးပွားရေး ကိုယ်တိုင် လုပ်မရလို့ လွှတ်တာ၊ သူ့လူယုံကို Forever Group မှာ ဦးဝင်းမော် နဲ့ လုပ်ဖို့ ထည့်တာပဲ၊ သက်ပြည့်ပင်စင် မဟုတ်၊ လုပ်သက် ပင်စင်ပါ”
ပြန်ကြားရေးဝန်ကြီးဌာနကနေ CDM ဝန်ထမ်းတဦးက ဦးသိန်းထွန်းအောင် ပင်စင်ယူခဲ့ပုံကို အဲဒီလိုပဲ အတည်ပြုဖြေကြားပေးပါတယ်။
ဘယ်သူကမွေးခဲ့သလဲ
အရင်က ဦးဝင်းမော်ဟာ သင်္ဘောသားလို့ တချို့က ဆိုကြပေမဲ့ သေချာတာက သူဟာ လုပ်ငန်းရှင်ကြီးတဦးတော့ မဟုတ်ခဲ့ပါဘူး။
“စသိတာက Forever နာမည်နဲ့ ကွန်ပြူတာသွင်း ဒစ်ဂျစ်တယ်သင်တန်း၊ ရုပ်ရှင်သင်တန်းတွေ လုပ်တယ်ဗျာ၊ အဲဒီနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ဒီဘက်ကို ရောက်လာတယ်၊ နောက် MRTV-4 ကို ယူလိုက်တယ်”
နအဖ ခေတ်နှောင်းကာလမှာ ဦးသန်းရွှေက MRTV ကနေ ရုပ်သံချန်နယ်လိုင်းအချို့ကို ခွဲထုတ်ပြီး ပုဂ္ဂလိက ချပေးခဲ့ပါတယ်။
ဦးဝင်းမော် က MRTV-4 ကို ယူခဲ့ပြီး နအဖ ပြန်ဝန်ဦးကျော်ဆန်းနဲ့ လက်ဝါးချင်းရိုက်ကာ အကြီးအကျယ် အရှုံးပြပြီး ရုပ်သံလိုင်းကို ပြန်အပ်ခဲ့ပါတယ်။
ဒါကို ပြန်ဝန် ဦးကျော်ဆန်းက ရုပ်သံမီဒီယာဖွံ့ဖြိုးရေးခေါင်းစဉ်အောက်ကနေ ဦးဝင်းမော်ရဲ့ MRTV 4 ကို အခွန် ကင်းလွတ်ခွင့်နဲ့ ဦးသိန်းစိန် သမ္မတခေတ်အထိ ဆယ်စုနှစ်ချီအောင် ဆက်လက်လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။
“ဟုတ်တယ်၊ အဲဒီခေတ်က ခရိုနီပေါက်စတွေ အကုန်လုံးက ဘာလုပ်လုပ် အစိုးရကို အရှုံးပြကြတာချည်းပဲ၊ ဝန်ကြီးတွေနဲ့ပေါင်းပြီး အခွန်ကင်းလွတ်ခွင့် ဘာညာနဲ့ ဒီလိုပဲ ဂွင်ရိုက်ခဲ့ကြတာပါ၊ NLD အစိုးရတက်လာတော့ အခွန်သေချာစည်းကျပ်တယ်၊ အကျအန ဆောင်ရတယ်၊
အဲဒီတော့ သူတို့ မကြိုက်ကြဘူး၊ စစ်ဗိုလ်ချုပ်တွေနဲံ့ လက်ဝါးချင်းရိုက်တဲ့ခေတ်ကိုပဲ ပြန်အိပ်မက်မက်တာပဲ၊ အာဏာမသိမ်းသိမ်းအောင် ငိုချင်ရက် လိုက်တို့ကြတဲ့သူတွေထဲမှာ သူတို့လို စီးပွားရေးသမားတွေ ထိပ်ကပါတယ်”
အရှင်မွေး နေ့ချင်းကြီးပြီ
အဲဒီကာလက အင်တာနက် အသုံးပြုသူနည်းပါပြီး ရုပ်သံမီဒီယာကို အဓိကအားကိုးပြီး စီးပွားရေးလုပ်ငန်းရှင်တွေက ကြော်ငြာထည့်ကြတဲ့ ခေတ်ဖြစ်ပါတယ်။
“ကြော်ငြာဖိုးက ပုံစံ(၂) ခုကွဲတယ်ဗျ၊ ပြည်ပထုတ်ကုန်ကြော်ငြာဆို စျေးပိုကြီးတယ်၊ (၁၀) စက္ကန့်ဆို တစျေး၊ စက္ကန့်အဲဒီထက်ပိုရင် တစျေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေလို ပိတ်ရက်တွေဆို တစျေး၊ နှုန်းထားက တရားသေ မရှိဘူး၊ ဇာတ်လမ်းတွဲ လူကြည့်များရင် များသလို ပိုတာမျိုးလည်း ရှိတယ်”
တချိန်က ရုပ်သံကြော်ငြာလုပ်ငန်း အတွေ့အကြုံရှိသူ တဦးက ရှင်းပြတာပါ။ နေ့စဉ် ဇာတ်လမ်းတွဲနှစ်ခု ထုတ်လွှင့်ခဲ့တဲ့ MRTV 4 တွင် ကြော်ငြာက မိနစ် ၃၀ စာပါလေ့ရှိပါတယ်။
ပျမ်းမျှအားဖြင့် ကြော်ငြာ ၁၀ စက္ကန့်ကို ကျပ်ငွေ ၁၀ သိန်းနှုန်းနဲ့ တွက်ချက်ကြည့်ရင် မိနစ် ၃၀ စာ ကျပ်ငွေ သိန်း ၁၈၀၀ ကို အခွန်တပြားမှ မပေးရဘဲ MRTV 4 ကနေ ဦးဝင်းမော်ဟာ သပိတ်ဝင် အိတ်ဝင် နေ့စဉ် ရရှိခဲ့ပါတယ်။
အခြားသော ရုပ်သံအစီအစဉ်တွေကနေ စပွန်ဆာ လက်ခံပြီး ရရှိတဲ့ ဝင်ငွေတွေ မပါဝင်သေးပါဘူး။ အဲဒီခေတ်က အခြားသော ရုပ်သံချန်နယ်တွေဟာ တလကို သိန်း ၂၀၀ ခန့် အခွန်ဆောင် ကြရပါတယ်။
အထက်ပါနှုန်းထားအရ တရားဝင်အားဖြင့် တနှစ်ကို ကျပ်သိန်း ၂၄၀၀ ခန့် အခွန်ဆောင်စရာမလိုဘဲ MRTV 4 ရဲ့ ဝင်ငွေဟာ တနှစ်ကို အသားတင် ကျပ်ငွေ သိန်းပေါင်း ၆၄၈၀၀၀ ခန့် ရရှိနိုင်ကြောင်း တွက်ဆလို့ ရပါတယ်။
“ရန်ကုန်တောင်ဥက္ကလာဂေါက်ကွင်းအကျော်၊ ဝေဇယန္တာလမ်းမ နားက ရေကူး အသံလွှင့်ဌာ ကို သူတို့ရတယ်၊ စတူဒီယိုဆောက်ထားတာ မြေ ၅ ဧက လောက်ရှိတယ်၊ ဦးသိန်းစိန်လက်ထက်မှာ ရတာ”
စစ်ဗိုလ်ချုပ်တွေရဲ့ မြှောက်စားမှုကြောင့် ရုပ်သံမီဒီယာ လုပ်ငန်းကတဆင့် နေ့ချင်းညချင်း ဦးဝင်းမော် ဟာ ခရိုနီကြီးတဦး ဖြစ်လာရုံတင်မကပါဘူး။
နအဖခေတ်တခေတ်လုံး ညွှန်မှူးအဖြစ် ရုပ်ရှင်လောက အတွေ့အကြုံရှိသူ၊ ဦးသိန်းစိန်ခေတ်ရဲ့ ပြန်ဝန် ဦးရဲထွဋ် နဲ့ တပတ်စဉ်ထဲဆင်း သိန်းထွန်းအောင် နဲ့ ပူးပေါင်းပြီး ဦးဝင်းမော်ဟာ စစ်အာဏာရှင်တွေရဲ့ အမာခံ ခရိုနီ ကြီးလည်း ဖြစ်လာပါတော့တယ်။
အဲဒီနောက်မှာ အရှင်မွေးလို့ နေ့ချင်းကြီးပွားလာတဲ့ ဦးဝင်းမော်ဟာ Channel 7 ၊ MRTV 4 HD ၊ Channel 7 HD တို့ကို တိုးချဲ့နိုင်ခဲ့ပြီး Mandalay FM အပါအဝင် ဦးဝင်းမော် တဦးတည်း ပိုင်ဆိုင်တဲ့ Forever Group ရဲ့ ရုပ်သံလိုင်း (၅) ခုဟာ ဒေါ်လာ သန်းချီတဲ့ ရင်းနှီးမြှပ်နှံမှု ရှိတဲ့ ကုမ္ပဏီတခု ဖြစ်လာပါတယ်။
အနေအထိုင်သိုသပ်တဲ့ ဦးဝင်းမော်ကို လူမြင်ကွင်းရှေ့ တွေ့ရခဲပြီး ဦးသိန်းထွန်းအောင်ကိုတော့ Forever Group ရဲ့ နိယျာယန ရုပ်ရှင်ထုတ်လုပ်ရေး၊ စီစဉ်သူတဦး အဖြစ် နာမည်ကြီး ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်တွေ ကြားမှာ အမြဲလိုလိုတွေ့ရလေ့ရှိပါတယ်။
MRTV-4 က ၂၀၁၂ ခုနှစ်က ၂၀၂၂ ခုနှစ်အထိ ရုပ်သံဇာတ်လမ်းတွဲပေါင်း (၆၉) ခုခန့် ရိုက်ကူးထုတ်လွှင့်ထားပြီး ဖြစ်ကြောင်း ဝီကီပီးဒီယား မှတ်တမ်းအရ သိရပါတယ်။
အဓိကကတော့ … အရင်တုန်းကအတိုင်းပဲ၊ အရင်လူတွေပဲ၊ အရင်ကလို အရင်အလုပ်တွေ ကောင်းကောင်းလုပ်မှာပဲ၊ MRTV 4 ကလည်း အခွန်တွေလည်း ပြန်လွတ်နိုင်တယ်၊ ရုပ်ရှင်လုပ်ငန်းတည်လို့မရပေမဲ့ ဇာတ်လမ်းတွဲတွေကတော့ တခုပြီး တခု အသက်ရှိနေတော့ သူ့တို့စျေးကွက်၊ သူတို့ခေတ်ဖြစ်နေတာပေါ့
ပြန်ကြားရေးဝန်ကြီးဌာန အပြင် နေပြည်တော်၌ ပြုလုပ်ခဲ့သမျှ သဘင်၊ ဂီတ၊ ရုပ်ရှင်နှင့် သက်ဆိုင်သော စစ်ကောင်စီ အလိုကျ ဝါဒဖြန့်ချိရေးကိစ္စတွေမှာ Forever Group ဦးဝင်းမော်၏ အကူအညီတွေက အခရာကျကြောင်း ရင်းမြစ်များက ဆိုပါတယ်။
နွေဦးတော်လှန်ရေးမှာ ပြည်သူတွေ စိတ်ဓါတ်လျော့ပါးလာစေရန် ပျော်ပွဲရွှင်ပွဲနဲ့ ဖျော်ဖြေရေးပွဲတွေ ဖြစ်မြောက်ရေးအတွက် Forever Group က အဓိက ပံ့ပိုးကူညီထောက်ပံ့ပေးနေကြောင်း ရုပ်ရှင်ဂီတသဘင်အနုပညာအသိုင်းအဝိုင်းက ယုံကြည်စွာ ပြောဆိုကြပါတယ်။
“ပြည်သူတွေက အမှတ်မရှိဘူး၊ မရှိရင်တော့ ဒုက္ခ ခံပေဦးတော့၊ ဒီချန်နယ်တွေကို ဖျော်ဖြေရေးသီးသန့်လောက်ပဲ တွေးထားတာ၊ ပြီးတော့ ပြည်သူတွေက ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်တယ်၊ သိသိကြီးနဲ့ အားပေးရင်တော့ ကိုယ့်ကို သတ်မယ့်လက်နက်ကို ကိုယ်က တဖက်လက်နဲ့ စကစ အတွက် ဝယ်ပေးသလို ဖြစ်တာပေါ့”
ဦးဝင်းမော် နဲ့ ဦးသိန်းထွန်းအောင် ကို ပင်းတယရှိ မြေဧက (၁၀၀၀) ကျယ်ဝန်းသော ခြံကွက်ကြီးရဲ့ နေရောင်အောက်ရှိ မြေတူးစက်ကြီးများ၊ စိုက်ပျိုးပင်များအကြားမှာ ဘီလံယျံနာကြီးများကဲ့သို့ ခန့်ခန့်ထည်ထည်တွေ့ရလေ့ရှိပါတယ်။
| အခြားလိုအပ်တဲ့သတင်းအချက်အလက်တွေ ကူညီဖြည့်စွက်နိုင်ပါတယ် |