◼ ဒီဇင်ဘာ (၁၉) ရက် ဒီကနေ့ မှာ ကော့ကရိတ်- မြဝတီ အာရှလမ်းမအား ဖြတ်သန်းခွင့် ပိတ်ထား တယ်လို့သိရပါတယ်။ လမ်းမကြီးကို ပိတ်ထားရတဲ့အကြောင်းရင်းကတော့ ဒီနေ့ နေ့လယ် ၁ နာရီအချိန်ခန့်က စစ်ကောင်စီ စစ်ကြောင်း နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲ ပြင်းထန် နေတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီး အနီး ကော့နွဲ့ ၊ တတန်ကူးကျေးရွာလမ်း ရွှေကြက်မင်းဘုန်းကြီး ကျောင်း ဘက်မှာ တိုက်ပွဲ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတဲ့အတွက် မြို့ခံတွေဒေသခံတွေလည်း လက်နက်ကြီးရန်ကလွတ်အောင် ဘုန်းကြီးကျောင်းတွေဆီ ခိုလှုံတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁၆)ရက်က အကြမ်းဖက်စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၃၁ တပ်တွင်းကို KNLA ပူးပေါင်း တပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ပါတယ် ။
အဲဒီလိုတိုက်ခိုက်တာ ခံရပြီးတဲ့နောက်မှာ စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်လာတဲ့အတွက် တိုက်ပွဲတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေတာဖြစ်ပါတယ်။