◼ စစ်ကောင်စီရဲ့ ရန်ကုန်-မော်လမြိုင် လေအိတ်ညရထား မပြေးဆွဲနိုင်တော့ပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက် ညက မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနဲ့ ဒုံးဝန်းဘူတာကြားမှာ ကုန်တင်ရထားတစ်စီး မိုင်းဆွဲခံခဲ့ရပါတယ်။
မိုင်းဆွဲခံရတဲ့အတွက် ကျောက်တင် ကုန်ရထားတွဲတိမ်းမှောက်ခဲ့ပြီး ရထားလမ်းပိုင်းတွေပါ ပျက်စီးခဲ့တာပါ။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ မီးရထားခရီးစဉ်တွေကို ခေတ္တ ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။
အခုတခါမှာတော့ ရန်ကုန်-မော်လမြိုင် ညအိပ်ရထား ပြေးဆွဲတဲ့ ခရီးစဉ်ကို ယာယီဖျက်သိမ်းလိုက်တယ်လို့ စကစလက်အောက်ခံ မြန်မာ့မီးရထားက ဒီဇင်ဘာလ ၁၈ ရက်က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
ခရီးစဉ် အခြေအနေတွေဟာ လုံခြုံစိတ်ချရခြင်းမရှိသေးတဲ့အတွက် နေ့ရထားသာပြေးဆွဲသွားမှာ ဖြစ်ပြီး
ရန်ကုန်-မော်လမြိုင် လေအိတ်ညရထားပြေးဆွဲတဲ့ခရီးစဉ်ကိုတော့ ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။
ညရထားပြေးဆွဲမှု မဖျက်သိမ်းခင် ရန်ကုန်-မော်လမြိုင် ရထားလမ်းမှာ အစုန်၊ အဆန်ရထား နှစ်စင်းနဲ့
အမြန်ရထား နှစ်စင်း တို့ ပြေးဆွဲနေတာဖြစ်ပါတယ်။