ဒီဇင်ဘာ (၂၃) ရက် မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းမြို့နယ် အနောက် တောင်ဘက်ခြမ်းက ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုး ပစ်ခတ်မီးရှို့နေ တဲ့အတွက် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရ ပြီး ကလေးငယ်သုံးဦး လက်နက်ကြီးထိမှန် ခံရတယ်လို့ ဒေသခံများထံက သိရပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းကလည်း အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒီပဲယင်းမြို့နယ် ကြည်ဘုရားထွက် ကျေးရွာအတွင်းကျရောက်ပြီး ကလေးငယ်သုံးဦး နဲ့ နွားများကို ပါ လက်နက်ကြီးထိမှန်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဖျက်ဆီးနေတဲ့အတွက် မုံရွာ – ဒီပဲယင်း – ရေဦး ကားလမ်း ယာဥ်များအသွားအလာ ရပ်နားပေးကြရန် ဒေသတွင်းအဖွဲ့ တွေက သတင်းထုတ်ပြန်တောင်းဆိုထားပါတယ်။
စစ်အုပ်စုဟာ ဒီပဲယင်းမြို့နယ် ချောင်းပေါက်ကျေးရွာရှိ နေအိမ် ၃၂ လုံး ကိုလည်း ပြီးခဲ့တဲ့ရက်တွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
ဒီဇင်ဘာ (၂၂ ) ရက် ညနေ ၅ နာရီခွဲခန့်က စစ်ကောင်စီ စစ်ကြောင်းကို ဒေသတွင်း PDF များက ပျံကျကျေးရွာအနီး၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်က ပျံကျရွာကိုလည်း မီးဝင်ရှို့သွားခဲ့ပါတယ်။
စစ်ကောင်စီတပ်က အာဏာသိမ်းကာလတလျှောက် မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်းက ၃,၀၀၀ ကျော်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။