ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာ မှာ ဒေသခံ ပြည်သူ (၁၀) ဦး ကို သတ်ဖြတ်ပြီး နေအိမ် (၇)လုံးမီးရှို့ခဲ့တဲ့ ဖြစ်စဉ် နဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေး အစိုးရ လူ့ အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီဇင်ဘာ (၂၇) ရက်က ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။
အဲဒီဖြစ်စဉ်ကိုကျူးလွန်ခဲ့တာကတော့ အကြမ်းဖက်စစ်တပ်ရဲ့ ပုဏ္ဏားကျွန်းအခြေစိုက် ခြေမြန်တပ်ရင်း (၅၅၀) နဲ့ စစ်တွေမြို့ ၊ ပါဒလိပ် အခြေစိုက် ခြေမြန်တပ်ရင်း (၃၄၄) တို့ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့ အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ ဆင်အင်းကြီးကျေးရွာကိုတိုက်ခိုက်ရာမှာ စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့ အင်အားအလွန်အကျွံနဲ့ လက်နက်ကြီး တွေ ၊ရဟတ်ယာဉ်တွေ နဲ့ ဒရုန်းတွေပါ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ(၁၀) ဦး သေဆုံးခဲ့ရပြီး တဦးကိုတော့ ရုပ်အလောင်းကို အခုထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်မှာ ဓားဒဏ်ရာတွေ တွေ့ရှိတာကြောင့်ညှင်းပန်းနှိပ်စက်ခံရပြီးမှ သေဆုံးရတာဖြစ်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီအကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ အခုချိန်ထိ ဆင်အင်းကြီးကျေးရွာမှာ တပ်စွဲ အထိုင်ချထားတဲ့အတွက်ဒေသခံ ဆင်အင်းကြီးရွာသူရွာသားတွေဟာ နီးစပ်ရာ ကျေးရွာတွေမှာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၀) ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာထဲကို ဝင်ရောက်မွှေနှောက်ပြီး ဒေသခံပြည်သူ (၁၀) ဦး သတ်ဖြတ်ခဲ့တာဖြစ်ပြီး နေအိမ် (၇)လုံးကို လည်း မီးရှို့ခဲ့တာဖြစ်ပါတယ်။