စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့ နယ် ရှိ အောက်တဲရွာက ဒေသခံ နှမ်းအငှားရိတ်လုပ်သား (၅) ဦးကို အကြမ်းဖက် စစ်တပ်က လူသားဒိုင်းအနေနဲ့ ဒီဇင်ဘာ (၂၇) ရက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အကြမ်းဖက် စစ်တပ်ဟာ ခ.မ.ရ (၃၆၃) တပ်က ဖြစ်ပြီး ဒီဇင်ဘာ (၂၇) ရက် မနက် ၈ နာရီ ၄၅ မိနစ် အချိန်က အခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိလူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ဒေသခံ များဟာ ယခင်က ကြံချက်လုပ်ငန်းကို လုပ်ကိုင်ကြတာဖြစ်ပြီး လက်ရှိ ကြံချက် အလုပ်များနားချိန်မှာ နှမ်းအငှားလိုက်ရိတ်ပေးသည့် အလုပ်ကို လုပ်ကိုင်ကြသည့်သူများဖြစ်ကြပါတယ်။
နှမ်းလှိုင်းတွေကို လှည်းနဲ့ တိုက်နေတုန်းမှာ ပဲ အကြမ်းဖက်စစ်ကြောင်းနဲ့ တည့်တည့်တိုးကာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
လက်ရှိ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဝက်သအင်းရွာ အရှေ့မြောက်ကနေ ချပ်သင်းဘက် ကို စစ်ကြောင်းထိုးမှုတွေ ပြုလုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ် ခ.မ.ရ (၃၆၈) နဲ့ ပျူစောထီး အဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က သတိပေးထုတ်ပြန်ထားပါတယ်။