အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းဌာနတခုဖြစ်တဲ့ PVTV ကနေ FB အကောင့်တခုစီရှိတဲ့ ပြည်သူများပါဝင်နိုင်တဲ့လှုပ်ရှားမှုတခုကို ဇန်နဝါရီ(၁)ရက်က မိတ်ဆက်ထားတာ တွေ့ရပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက အမိန့်၊ ငွေကြေး၊ လူအင်အားတွေကိုသုံးပြီး လူမှုကွန်ယက်တွေကို လွှမ်းမိုးဖို့ ကြိုးစားလာတဲ့အတွက် အကျိုးဆက်အဖြစ် လူမှုကွန်ယက်တွေမှာ တော်လှန်ရေးဆိုင်ရာ ပို့စ်တွေ တော်တော်လေးနည်းလာတာကို ဝမ်းနည်းဖွယ်တွေ့ရတာကြောင့် လူမှုကွန်ယက်ကို ပြန်လည်စိုးမိုးရေးလှုပ်ရှားမှုတခုအနေနဲ့ ပါဝင်ကြဖို့ တိုက်တွန်းထားတာပါ။
ပြည်သူများအနေနဲ့ ပါဝင်ဆောင်ရွက်နိုင်တဲ့နည်းလမ်းတွေကို
-ကိုယ်နှစ်သက်တဲ့ အခြားနာမည်တစ်ခုနဲ့ Facebook အကောင့်သစ်တစ်ခုဖွင့်ကြမယ်
-အပြင်ထွက်ရင် ယူမသွားတဲ့ ဖုန်းတစ်လုံးနဲ့သုံးမယ်
-အသုံးပြုတဲ့အခါတိုင်း VPN ခံသုံးမယ်
-တော်လှန်ရေးဆိုင်ရာ ပို့စ်တွေကို အရင်လိုပဲပြန်တင်ကြမယ်၊ Like တွေပြန်ပေးမယ်၊ Share လုပ်ကြမယ်။
-ဒီသတင်းစကားကို သူငယ်ချင်း (၅) ယောက်ဆီ လျှို့ဝှက်ပြီး ပို့ကြမယ်
စသဖြင့် အကြံပြုထားတဲ့အပြင် NUG က ၂၀၂၃ ကို “အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်” လို့ သတ်မှတ်ထားပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကြရမယ့်အချိန်မှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ အသံ တလောကလုံးမှာ ပြန်ပြီး လျှံတက်ဆူညံလာစေရန် “မီးလျှံကြားက ဖီးနစ်ငှက် ပြန်လည်ရုန်းထပျံတက်သလိုမျိုး … လူမှုကွန်ယက်တွေကို ပြန်စိုးမိုးကြစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။