ပုလဲမြို့နယ်၊ အင်မထီးရွာက ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တာကြောင့် ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိပြီး လွတ်ရာသို့ စစ်ဘေးရှောင်နေရကြောင်း သိရပါတယ်။
တပ်ဖွဲ့ဝင်(၁၅)ဦးခန့်ပါတဲ့ အကြမ်းဖက်စစ်ကြောင်းက မနက် ၁၀ နာရီ ၂၀ မိနစ်လောက်မှာ ညောင်းရင်းရွာကို ရောက်ပြီးတော့ ကပ်လျက်ရှိတဲ့ မဲဇရပ်ရွာအပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ PVTV က ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေက နေအိမ်တွေပေါ်ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက တုန့်ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
တိုက်ပွဲ ပြင်းထန်လာနိုင်တဲ့အတွက် ကန့်ထောင့်ရဲစခန်းအနီး ပတ်ဝန်းကျင်က ပြည်သူတွေ စစ်ဘေးရှောင်နေရပြီး ပုလဲမြို့နယ်အတွင်းမှာ စစ်ရှောင်စခန်း ၄ ခုရှိပြီး စစ်ရှောင်ပြည်သူ ၁၅၀၀ ဝန်းကျင်အထိ ရှိနေတယ်လို့ PVTV ဖော်ပြချက်အရ သိရပါတယ်။