မကွေးတိုင်း မင်းဘူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း နဲ့ သူ့ရဲ့ဇနီးဖြစ်သူ အပါအဝင် သားသမီး (၃)ဦး တို့ကို ဇန်နဝါရီ (၈)ရက် မနက် လေးနာရီ အချိန်ခန့်က တိမ်းရှောင်နေတဲ့နေအိမ်အထိ အကြမ်းဖက် စစ်ကောင်စီ က လာရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာက ဆွေမျိုးတွေရဲ့နေအိမ်မှာ စစ်ကောင်စီတပ်တွေက ဦးဝင်းဝင်းအပြင် ဇနီးဖြစ်သူ ဒေါ်တိုးတိုးဝေ၊ အသက် ၁၇ နှစ်အရွယ် မောင်သန့်ဇင်ဝင်းဝေဟိန်း၊ အသက် ၁၃ နှစ်အရွယ် မနှောင်းရတီဝင်းဝေထွေး နဲ့ အသက်သုံးနှစ်အရွယ် မောင်လပြည့်ဝင်းတို့ ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတာပါ။
ဦးဝင်းဝင်းဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေး ကောက်တင်မြောက်ခံခဲ့ရပြီး၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း ထပ်မံအနိုင်ရရှိခဲ့ပါတယ်။