စစ်ကိုင်း၊ မြောင်မြို့နယ်ရှိ ပန်းညိုရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ ရွာကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဒေသခံတွေရဲ့ လက်ဝတ်ရတနာ ပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေကို ဇန်နဝါရီ (၇) ရက်မှာ လုယက် ယူဆောင်သွားကြတယ်လို့ မြောင် ပကဖအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မီးရှို့ဖျက်ဆီး လုယက်နေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီး အဖွဲ့တွေကို ဇန်နဝါရီ (၉)ရက် ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ မဟာမိတ် အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ မီးရှို့မှုကြောင့် အသက်(၉၀) အရွယ်အဘွားအိုတဦးဟာ မပြေးလွှားနိုင်တဲ့အတွက် မီးထဲမှာ ပိတ်မိပြီး အသက်ဆုံးရှုံးခဲ့ရပြီး ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြလျက်ရှိပါတယ်။