■ အကြမ်းဖက် စစ်ကောင်စီသည် ဒေသတွင်းနှင့် နိုင်ငံတကာ တည်ငြိမ်ရေး ၊ လုံခြုံရေးကိုပါ ခြိမ်းခြောက်လျက်ရှိနေ
ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ဌာနချုပ်ရဲ့ Camp Victoria စခန်းကို လေကြောင်းကနေ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်းကို ဇန်နဝါရီ (၁၁) ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်ဖွဲ့ဝင် (၅)ဦး ကျဆုံးရခြင်း ဖြစ်ပေါ်ခဲ့ပြီး ကျဆုံးသွားသူတွေရဲ့ မိသားစုတွေ ၊ ချင်းတိုင်းရင်းသားပြည်သူတွေ အားလုံးနဲ့ အတူ ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ဖော်ပြထားပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရသူများအနေနဲ့လည်း အမြန်ဆုံး ပြန်လည်သက်သာ ပျောက်ကင်းပါစေကြောင်းကိုလည်း CRPH က လေးလေးနက်နက် ဆန္ဒပြု ဆုတောင်းထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေဟာ မကြာသေးမီက ချမှတ်ထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ဖော်ပြထားတာပါ။
အာဏာသိမ်းစစ်ကောင်စီဟာ ပြည်တွင်း တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေးကို စနစ်တကျ ဖျက်ဆီးနေပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ တည်ငြိမ်ရေး ၊ လုံခြုံရေးကိုပါ ခြိမ်းခြောက်လျက်ရှိတယ်ဆိုပြီးတော့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ထောက်ပြ ထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာ့အရေးကိစ္စကို ပြေလည်စေဖို့ ကူညီဆောင်ရွက်နေတဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကြိုးစားမှုတွေကို လျစ်လျူရှုနေတာဖြစ်တယ်လို့လည်း CRPH က ပြောကြားထားပါတယ်။
အဲဒါကြောင့် တိုင်းရင်းသားပြည်သူတွေအပေါ် လူမဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်း စစ်တပ်နဲ့ ၎င်းရဲ့ စစ်ကောင်စီ အမည်ခံ တရားမဝင်အဖွဲ့အစည်းကို စုပေါင်းအင်အားနဲ့ ညီညီညွတ်ညွတ် လက်တွဲ တိုက်ထုတ်သွားကြဖို့ CRPH က လေးလေးနက်နက် ထပ်မံတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများ၊ အဖွဲ့အစည်းများက အကြမ်းဖက်မှုတွေနဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်လုပ်ဆောင်ခဲ့ကြတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ အားပေးပါဝင်လုပ်ဆောင်သူတွေ အားလုံးကို နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ ထိရောက်လျင်မြန်စွာ အပြစ်ပေးအရေးယူနိုင်ဖို့အတွက် တော်လှန်ရေး အင်အားစုတွေနဲ့ အတူပူးပေါင်းလုပ်ဆောင်ပေးဖို့ တိုက်တွန်းတောင်းဆိုတယ်ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။