အကြမ်းဖက် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ မိသားစုဟာ မူးယစ်ဆေးဝါးနဲ့လက်နက်မှောင်ခို ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်နေမှု ရှိမရှိ စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းအစိုးရကို အာဆီယံလူ့အခွင့်အရေးအမတ်များအဖွဲ့ (APHR) ဥက္ကဋ္ဌ Charles Santiago က ဇန်နဝါရီ (၁၁) ရက် မှာ တိုက်တွန်းတောင်းဆိုလိုက်တယ်လို့သိရပါတယ်။
စစ်ခေါင်းဆောင်ရဲ့မိသားစုဟာ အဲဒီလုပ်ငန်းတွေမှာ ဘယ်လိုအတိုင်းအတာအထိ ပါဝင်ပတ်သက်နေသလဲဆိုတာကို လူသိထင်ရှားစုံစမ်းဖော်ထုတ်ပေးဖို့နဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို ချိုးဖောက်တာတွေရှိခဲ့လို့ ပြစ်မှုထင်ရှားရင် တရားစွဲ အရေးယူဖို့ကိုလည်း APHR က တောင်းဆိုထားပါတယ်။
မြန်မာခရိုနီ တဦးဖြစ်သူ မူးယစ်မှောင်ခို နဲ့ လက်နက်ပွဲစားတဦးဖြစ်သူ ဦးထွန်းမင်းလတ်ထံမှ ထိုင်းအစိုးရက သိမ်းဆည်းရမိထားတဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေထဲမှာ မင်းအောင်လှိုင်ရဲ့ သားဖြစ်တဲ့ ဦးအောင်ပြည့်စုံ ပိုင်ဆိုင်တဲ့ အမေရိကန်ဒေါ်လာ ၁ သန်းနီးပါး တန်ဖိုးရှိ အဆင့်မြင့်ဇိမ်ခံ Belle Rama 9 ကွန်ဒိုရှိ အခန်းအချို့နဲ့ ဒေါ်ခင်သီရိသက်မွန် ရဲ့ SCB ဘဏ်စာအုပ်တွေ ပါဝင်ခဲ့တယ်ဆိုတာကို Justice For Myanmar က ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။