◼ဒေသခံ ထောင်ချီ ၍ ဘေးလွတ်ရာထွက်ပြေးနေရ
ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ(၃) နယ်မြေ ကျောက်ကြီးမြို့နယ် အတွင်းရှိ ရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာတွေလုပ်ဆောင်နေတဲ့အတွက်ကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဇန်နဝါရီ (၁၉) ရက်မှာ KNU ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တွေကတော့ ညောင်လေးပင်ခရိုင်မှာတပ်စွဲထားတဲ့
ခလရ-၁၂၄၊ ခလရ-၆၀၊ ခမရ-၃၅၁နှင့် ခမရ-၄၃၉ တပ်တွေ ဖြစ်တယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ကျောက်ကြီးမြို့နယ် အတွင်းရှိ ရွာတွေကို လက်နက်ကြီးတွေနဲ့ ဇန်နဝါရီ(၃)ရက်ကနေ (၁၇) ရက် အထိ စုစုပေါင်း (၁၅) ရက်တိတိ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီး (၃၁)လုံးခန့် ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီလက်နက်ကြီးထိမှန်ခဲ့တဲ့ရွာတွေကတော့ ခလယ်တူရယ်၊ ဃဲဒဲကျေးရွာ ၊ ပကော်ခီး၊ ကျို့ကုန်း၊ သရေးစီလော်၊ မတောကူး၊ သေဂေါ်ဒဲ ကျေးရွာနှင့် ရွှေပေါက်ကံ စတဲ့ ရွာတွေကို ပစ်ခတ်ခဲ့တာပါ။
အဲဒီလို ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
လက်နက်ကြီးများဖြင့် နေစဉ် ပစ်ခတ်နေတဲ့အတွက် ကျေးရွာတွေက ဒေသခံ ပြည်သူ ၂၅၆၆ ဦးဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။