တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က မိန့်ခွန်းပြောကြားခဲ့တာပါ။
“တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ အောင်မြင်သင့်သလောက် အောင်မြင်နေပြီဖြစ်ကြောင်း၊ အကြမ်း ဖက်စစ်ကောင်စီကို မြန်မာတစ်ပြည်လုံးက တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အားကောင်းမောင်းသန်တော်လှန်တိုက်ထုတ်နေသည့်အတွက် အာဏာရှင်တို့နိဂုံးချုပ်တော့မည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ အင်အားစုအားလုံး ဟန်ချက် ညီညီ၊ စုဖွဲ့မှုအရှိန်အဟုန်ကောင်းမွန်စွာဖြင့်ရှေ့ဆက်နေနိုင်ပြီဖြစ်ကြောင်း၊ နိုင်ငံရေး၊ စစ်ရေး ထူးကဲသာလွန်သည့် အကျိုးရလဒ်များ ဖြစ်ပေါ်တိုးတက်လျက်ရှိပါကြောင်း”
NUG ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တဲ့အပြင် ဆက်လက်ပြီး –
” NUG ခေါင်းဆောင်များဟာ တော်လှန်ရေးရဲဘော်တွေနဲ့အတူ မြေပြင်မှာ တသားတည်းရှိနေပြီး စစ်မြေပြင်လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ စစ်ဒေသကြီးအလိုက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊
တိုင်းရင်းသားမဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့လည်း NUGကညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပေါင်းစပ်ညှိနှိုင်းလုပ်ကိုင်နေကြပါကြောင်း၊
တော်လှန်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်နေကြသူတွေအားလုံးရဲ့ ဇွဲနဘဲကြီးမှုကြောင့် မကြာမီ တော်လှန်ရေးအောင်ပွဲအသီးအပွင့်များကို ခံစားကြရတော့မှာဖြစ်ပြီး
ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော်များအားလုံး ယုံကြည်ချက်ခိုင်မာစွာထားရှိပြီး အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေး ယခုကြိုးစားအားထုတ်နေမှုထက် ပိုမိုအားစိုက်ထုတ်ပေးကြဖို့ တိုက်တွန်းကြောင်း”
ပြောကြားခဲ့ပြီး ဒေါနစစ်ကြောင်းတာဝန်ရှိသူထံကို လက်နက်တွေနဲ့အတူ ငွေကျပ်(၁၀)သိန်းကိုလည်း ပေးအပ်ခဲ့ပါတယ်။
သင်တန်းဆင်းပွဲကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်းစစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။