အကြမ်းဖက် စစ်ကောင်စီ က အိမ်နီးချင်းနိုင်ငံတွေရဲ့ လေပိုင်နက်တွေကို ကျူးကျော် အသုံးပြုရမ်းကားတိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ တားဆီးဟန့်တားနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ (၁၇) ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
အဲဒီတောင်းဆိုမှုဟာ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မိမိတို့ရဲ့ လေကြောင်းပိုင်နက်ကို အသုံးပြုခွင့်မပေးဖို့ အရပ်သားတွေနဲ့ အများပြည်သူပိုင် အဆောက်အအုံတွေကို တိုက်ခိုက်နေတာတွေကို ဆန့်ကျင်ရှုံ့ချထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် – ၂၆၆၉ အရ တောင်းဆိုတာလည်းဖြစ်ပါတယ်။
အိန္ဒယ-မြန်မာ နယ်စပ်မှာ ရှိတဲ့ ချင်းအမျိုးသားဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းကနေ ဇန်နဝါရီ (၁၀) ရက် နဲ့ (၁၁) ရက်တို့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ချင်းအမျိုးသား ဌာနကချုပ် ရဲ့ ဆေးကုသဆောင်တွေ အပါအဝင် သေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်မှာ ဗုံးတလုံးဟာ အိန္ဒိယ နယ်နမိတ်ထဲကို ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အခုလို အိမ်နီးချင်းနိုင်ငံတွေရဲ့ လေပိုင်နက် ထဲကို ကျူးကျော်အသုံးပြုရမ်းကားတိုက်ခိုက်တာဟာ ဆိုရင် ဒါဟာပထမဆုံးအကြိမ်မဟုတ်ဘဲ အခြားသော အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း ၊ ဘင်္ဂလားဒေ့ရှ့် အစရှိတဲ့နိုင်ငံတွေရဲ့ လေပိုင်နက် တွေကိုလည်း စစ်ကောင်စီလေတပ်က ကျူးကျော် အသုံးချ ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တာကို သိရှိရတယ်လို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီလို ဖြစ်ရပ်တွေကို အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်နေတာ ဖြစ်တဲ့အတွက်ကြောင့် ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ပြည်သူတို့ရဲ့ အသက်အိုးအိမ်များ ဘေးကင်း လုံခြုံရေးကို ရှေးရှုပြီး မြန်မာပြည်သူတို့ရဲ့ အိမ်နီးချင်းနိုင်ငံများအနေနဲ့ မိမိတို့ရဲ့ လေပိုင်နက်များကို အသုံးပြုခွင့်မပေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက မေတ္တာရပ်ခံ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၉ မှာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို ချက်ချင်း ရပ်တန့်ရန်၊ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေခြင်းကို တားဆီးဟန့်တားရန် တောင်းဆိုထားတဲ့ အချက်တွေလည်း ပါဝင်တယ်လို့ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတယ်လို့သိရပါတယ်။