ရဲ နှစ်ဦးသေဆုံးခဲ့ပြီး တိုက်ပွဲကြောင့် ဝက်လက်ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရ
စစ်ကိုင်းတိုင်း ဝက်လက်မြို့ပေါ်က စစ်ကောင်စီတပ်စွဲတဲ့နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက (၉၀) မမရော့ကတ်တွေနဲ့ ဇန်နဝါရီ (၂၄) ရက် ညနေပိုင်း မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း – ၁၅ တပ်ခွဲ (၁) Eagle Guerrilla Force အဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီပစ်ခတ်တိုက်ခတ်မှုမှာ ရဲစခန်းဝန်းအတွင်းထဲကို ရော့ကတ် တလုံးကျရောက်ခဲ့ပြီး ရဲတပ်သား နှစ်ဦးသေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် ပျူစောထီးအဖွဲ့များ ရှိရာဘက်ကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီအနီးနားမှာအကြမ်းဖက်စစ်ကောင်စီကို ငွေပေးဖွင့်လှစ်နေတဲ့ ဂျင်ဝိုင်းထောင်လောင်းကစားလုပ်နေတဲ့ တဲကို ပါ မီးရှို့ ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုတွေ မလုပ်ခင်မှာ ပြည်သူတွေကိုတော့ နီးစပ်ရာအကြောင်းကြားခဲ့ပြီးမှ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဝက်လက်မြို့ပေါ်က ပြည်သူတွေလည်း နီးစပ်ရာ ရွာတွေစီကို စစ်ဘေးရှောင်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။