◼ ပြည်သူလူထုအနေဖြင့် အထင်မြင်မလွဲမှားစေလိုကြောင်း တော်လှန်ရေးအင်အားစုများပြောကြား
အကြမ်းဖက် စစ်ကောင်စီ ရဲ့ စစ်ကူလမ်းကြောင်း၊ ထောက်ပို့လမ်းကြောင်းကို စစ်ရေး လိုအပ်ချက်အရ ဖြတ်တောက်တဲ့ အနေနဲ့ မော်လမြိုင်နဲ့ ကြာအင်းဆိပ်ကြီး ကြားရှိ ဒါလီ တံတားကို မိုင်းခွဲ လိုက်ရတယ်လို့ KNU ဒေသခံ တော်လှန်ရေးအင်အားစုတွေက ဇန်နဝါရီ (၂၈)ရက်မှာ ပြောကြားချက် အရသိရပါတယ်။
အဲဒီလို လုပ်ဆောင်ရတဲ့အတွက်လည်း ပြည်သူလူထုအနေနဲ့ အထင်မြင်မလွဲမှားဘဲ နားလည်ပေးကြဖို့ကို KNU ဒေသ တော်လှန်ရေးအင်အားစုတွေ က ပြောကြားထားပါတယ်။
မော်လမြိုင် -ကြာအင်းဆိပ်ကြီးအကြားရှိ ဒါလီတံတား ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက တကြိမ်မိုင်းခွဲခံရတာဖြစ်ပြီး အခုအခါမှာ ဒုတိယအကြိမ်ထပ်မံမိုင်းခွဲခဲ့တာဖြစ်တာကြောင့် တံတားက လုံး၀ သွားမရတော့တဲ့အခြေအနေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
အဲဒီတံတားဟာ ကြာအင်းဆိပ်ကြီး ကနေ ပုရာရွာကိုဖြတ်ပြီး မြို့ဘက်ကိုဆက်သွားမယ်ဆိုရင် မော်လမြိုင် ဘက်ထိဆက်သွားနိုင်တဲ့ တံတားတခု ဖြစ်ပါတယ်။
ကြာအင်းဆိပ်ကြီးနယ် မှာ KNU ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတို့ နေ့စဉ် ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။
ကြာအင်းဆိပ်ကြီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်း (၃) ရင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်ခဲ့ပြီး တပ်ရင်းထဲအထိကို ထိုးဖောက်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှု တွေလည်းရှိခဲ့ပါတယ်။ စစ်ကေင်စီဘက်တော့ တပ်ရင်းမှူးအပါအဝင် အခြား အဆင့်များသေဆုံးမှု တွေများပြားခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့အချို့က သတင်းထုတ်ပြန်ထားပါသေးတယ်။
အကြမ်းဖက် စစ်ကောင်စီဘက်ကတပ်ရင်းဌာနချုပ်တွေ မကျစေဖို့အတွက် လေကြောင်း ပစ်ကူ အလွန်အကျွံအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့သိရပါတယ်။