စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရှိ ရွာ (၆)ရွာကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်စီးနင်းဝင်ရောက်နေတာကြောင့်ဒေသခံ ပြည်သူ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဇန်နဝါရီ (၂၈)ရက်မှာ ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေး အဖွဲ့ရဲ့ ပြောကြားချက်အရသိရပါတယ်။
အကြမ်းဖက်စစ်တပ် စီးနင်းခံရတဲ့ ရွာတွေကတော့ ဆားလင်းကြီးမြို့နယ် ထဲက ကံတောရွာ၊ ရွှေလှေရွာ၊ တုံရွာ၊ ဆည်းတည်းရွာ၊ ဇီးတောရွာ နဲ့ ဖောင်းကတာရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းနေတာကြောင့် ဒေသခံ ပြည်သူ (၅၀၀၀) ကျော် ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဆားလင်းကြီးမြို့ ဝမ်ပေါင် ကုမ္ပဏီမှ တစ်ဆင့် ညောင်ပင်ကြီး ကျေးရွာမှာ တပ်စွဲခဲ့ပြီး အနီးအနားက ရွာတွေ ကို ပစ်ခတ်စီးနင်းနေခြင်း ဖြစ်ပါတယ်။
တရုတ် ဝမ်ပေါင်ကုမ္ပဏီ နေရာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဟာ အဲဒီအနီးအနားက ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်စီးနင်းခြင်း၊ ဒေသခံနေအိမ်များ ကို မီးတင်ရှို့ခြင်း စတာတွေကို အကြိမ်ကြိမ်လုပ်ဆောင်နေတာဖြစ်ပြီး ဒေသခံပြည်သူ (၃၀,၀၀၀) ကျော် ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။