■ တပ်စခန်းသုံးခု သိမ်းနိုင်ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှု များပြား ၊ ပ.က.ဖ ရဲဘော်တဉီး ကျဆုံး
စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေး မြို့ကို ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ် နဲ့ ပူးပေါင်း အဖွဲ့တို့က စီးနင်းတိုက်ခိုက်ခဲ့ တာကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေ အသုံးပြုပြီး တန်ပြန် တိုက်စစ် ဆင်နေတာဖြစ်ကာ ဖေဖေါ်ဝါရီ (၃) ရက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီနဲ့ရှမ်းနီ (SNA) တပ်စခန်း သုံးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူတွေ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ တုံ့ပြန်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရွှေပြည်အေးမြို့ ကို ထိန်းချုပ်ထားနိုင်တဲ့အနေအထားမှာ အကြမ်းဖက် စစ်ကောင်စီက ကြည်းတပ် ၊ ရေတပ် ၊ လေတပ် များ အကုန်သုံးကာ တိုက်ခိုက်နေတာဖြစ်တဲ့အတွက် တိုက်ပွဲက ပြင်းထန်နေတယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတဲ့အတွက် စစ်ကောင်စီဘက်က အကျအဆုံးများ ရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်မှလည်း ရဲဘော်တဉီးကျဆုံးခဲ့ရပါတယ်။
ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်မှာ ဟုမ္မလင်း PDF က ဖြစ်ပြီး အသက် ၂၇ နှစ်အရွယ် ရဲဘော် ဒုံးကြီး ဖြစ်ကာ ရွှေပြည်အေးမြို့သိမ်းတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ဖေဖော်ဝါရီ (၂)ရက် ညနေပိုင်းတိုက်ပွဲမှာ ရဲ၀င့်စွာနဲ့ ကျဆုံးသွားခဲ့တာဖြစ်တယ်လို့ HPDF -124ကလည်းထုတ်ပြန်ထားပါတယ်။
မိဘပြည်သူများအနေနဲ့ စစ်ရေးသတိရှိကြဖို့ နဲ့ စစ်အုပ်စုဘက်က လေကြောင်း ထပ်မံပစ်ခတ်လာနိုင်ပါ တဲ့အတွက် လုံခြုံတဲ့ နေရာတွေကို ယာယီရွှေ့ပြောင်း ခိုလှူံကြဖို့နဲ့ စစ်အုပ်စု နဲ့ SNA အဖွဲ့ တို့ ရဲ့ အသွား အလာတွေကို မျက်ခြေမပြတ် သတိပြု သတင်းပေးကြဖို့ကို HPDF- 124 က မေတ္တာရပ်ခံထုတ်ပြန်ထားတာပါ။
ရွှေပြည်အေးမြို့ ဟာ ဟုမ္မလင်းမြို့ တောင်ဘက် ၊ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိပြီး လူဦးရေ ၂၅၀၀ ကျော်နေထိုင်တဲ့ မြို့တမြို့ဖြစ်ပါတယ်။