မြန်မာ့အရေးဆုံးဖြတ်ချက်ကို အကြမ်းဖက်စစ်ကောင်စီက လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့တွေက လာမယ့် မတ်လ အလယ်မှာ ပြန်လည်သုံးသပ်ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ ဖေဖော်ဝါရီ (၁၃) ရက်မှာ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်တယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီ လိုက်နာရမယ့် မြန်မာ့အရေး ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီဟာ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထားသူတွေကို လွှတ်ဖို့ ၊အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ၊အာဆီယံ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးစာလိုက်နာဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့သိရပါတယ်။
အဲဒီဆုံးဖြတ်ချက်တွေကို စစ်ကောင်စီလိုက်နာမှု ရှိ မရှိ မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ်က အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပြီး လုံခြုံရေးကောင်စီက သုံးသပ်သွားမှာ ဖြစ်ပါတယ်။
လုံခြုံရေးကောင်စီရဲ့ဆွေးနွေးပွဲဟာ တံခါးပိတ်ဖြစ်မလား ၊ အများကြားနာနိုင်မယ့် တံခါးဖွင့်ဆွေးနွေးပွဲ ဖြစ်မလား ဆိုတာကိုတော့ မသိရသေးဘူးလို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားပါတယ်။
လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို မလိုက်နာရင် ထိထိရောက်ရောက် အရေးယူလုပ်ဆောင်ဖို့လိုအပ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်တဲ့အသိုင်းအဝိုင်းက ဝေဖန်ထောက်ပြထားတယ်လို့ သိရပါတယ်။