စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ မရိုးကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ် အဖွဲ့ ခြောက်ဖွဲ့တို့ ဖေဖေါ်ဝါရီ (၁၂) ရက်ကနေ (၁၃) ရက်ထိ နှစ်ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဖေဖေါ်ဝါရီ (၁၅) ရက်မှာ မြောင်မြို့နယ်အခြေစိုက် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြောင်မြို့နယ် မရိုးကုန်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၊ ရဲနှင့် ပျူစောထီးတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ (၁၂) ရက်မှ စတင်ကာ စစ်ကြောင်းထိုးဖျက်ဆီးခဲ့တာကြောင့် ဇာမဏီနဲ့ ဒေါင်းညီနောင်အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြောက်ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး အဲဒီ နှစ်ရက်ဆက် တိုက်ပွဲအတွင်းမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ခြောက်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့သိရပါတယ်။