အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy R. Sherman တို့ ဖေဖေါ်ဝါရီ (၁၄) ရက်မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံဆွေးနွေးရာမှာ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး Wendy R. Sherman က NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီ ရုံးခွဲ ဖွင့်လှစ်တာကို ကြိုဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်နေသူများနဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေကို အစဥ်အမြဲအားပေးထောက်ခံနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေ ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ဆောင်ရွက်နေမှုများကို အလေးအနက်ထားပြောကြားသွားခဲ့တာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် ၎င်းတို့ရဲ့မိတ်ဖက်အဖွဲ့အစည်းများနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးစိုးရနဲ့ တိုင်းရင်းသားအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် မြန်မာပြည်သူတရပ်လုံးရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုများအတွက် အမေရိကန်အနေနဲ့ ထောက်ခံတယ်ဆိုတာ ပြသဖို့ တွေ့ဆုံခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလအတွင်းကလည်း ပထမအကြိမ်တွေ့ဆုံခဲ့ကြဖူးပါတယ်။