စစ်ကိုင်း၊ ကန့်ဘလူခရိုင်ရှိ မြေမွန်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း(၃၆၉)က ဖေဖော်ဝါရီ (၁၉) ရက် နေ့လယ်ပိုင်းမှာ အင်အား(၇၀) ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နေအိမ်(၂၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြေမွန်ရွာဟာ အိမ်ခြေ (၅၅၀) ခန့်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးပြီး ရွာတွေကိုမီးရှို့ ဖျက်ဆီးနေတာကြောင့် မြေမွန်ရွာအပါအဝင် သီရိမွန်၊ စကျင်နဲ့ တရော်ကိုင်းရွာတွေက အပြစ်မဲ့ပြည်သူ (၃၀၀၀) ကျော်ဟာ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။