စစ်ကိုင်းတိုင်း ကျွန်းလှ မြို့နယ် အင်တိုင်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ် က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ဒေသခံတွေ ရဲ့ နေအိမ် ၁၄၃ လုံးဆုံးရှုံးခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကနေသိရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိ မည်သည့်အကြောင်းမျှမရှိဘဲ နှင့် အကြမ်းဖက် စစ်ကာင်စီတပ်ခြေမြန်တပ်ရင်း – ၃၆၁ နဲ့ ပျူစောထီးအင်အား ၂၀၀ ခန့်က လက်နက်များနဲ့ ပစ်ခတ်ဝင်ရောက် မီးတင်ရှို့ခဲ့ကြတာဖြစ်ပါတယ်။
ဒီဇင်ဘာ (၆) ရက်နေ့က ဖြစ်ပွားခဲ့တာပါ။မီးရှို့ခံလိုက်ရတဲ့ အင်တိုင်းရွာဟာ အိမ်ခြေ ၂၇၀ ခန့်ရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ အခုလိုမီးရှို့ခံရတဲ့အတွက် နေအိမ် ထက်ဝက်ကျော် မီးလောင်ဆုံးရှုံးခဲ့ရတာပါ။
မီးဘေး ၊ အကြမ်းဖက် စစ်အုပ်စု ဘေးအန္တာရယ်များကြောင့် ဒေသခံများဟာ ဘေးလွတ်ရာတွေကို ထွက်ပြေးနေကြရတာပါ။ လက်ရှိအချိန်မှာ စစ်အုပ်စုဟာ အင်တိုင်းရွာကနေ ယနေ့ ဒီဇင်ဘာ (၇) ရက် မနက်ပိုင်းကပြန်ထွက်ခွာသွားတယ်လို့သိရပါတယ်။
အကြမ်းဖက် စစ်အုပ်စုထွက်ခွာသွားပေမယ့်လည်း မြေမြှုပ်မိုင်းများထောင်ထားနိုင်သဖြင့် ဒေသခံများ ရွာထဲမဝင်ရဲသေးဘဲ အခြေအနေစောင့်ကြည့်ကာ ဆက်လက် စစ်ဘေးရှောင်နေရဆဲဖြစ်ပါတယ်။